ကာလိမြို့အတွင်းစားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ကာလိ     အောက်တိုဘာ   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အအေးဆိုင်များ တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချစေရန်နှင့် ရောင်းချ ထားခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်  ဆိုင်ရှင်များတို့အား ကာလိမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့တာဝန်ရှိသူများတို့က အသိပေးလမ်းညွှန်မှာကြားပေးကာ (၂၅.၉.၂၀၂၀) ရက်နေ့မှစ၍ ဆိုင်ထိုင်စားသောက်ခြင်းမပြုတော့သည့် အသိပေးစာအား ပေးပို့ထားပြီးဖြစ်၍ ပါဆယ်စနစ်ဖြင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ဦး ထံမှသိရသည်။


ဝင်းကျော်(ကာလိ၊ပြန်/ဆက်)