ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာတွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် နိုဝင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တောင်သူများအနေဖြင့် ဆန်၊ စပါးအပြင် နေ့စဉ်ဝင်ငွေရရှိသည့် သီးပင်စားပင်များ၊ ကာလတိုသီးနှံများစိုက်ပျိုးရောင်းချပြီး အသက်မွေးဝမ်းကြောင်းလျက်ရှိရာ ပတ္တာကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုများ အဆင်လျက်ရှိကြောင်း သိရှိရသည်။

ရုံးပတီသီးနှံသည် ရေကြိုက်နှစ်သက်သဖြင့် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် (၃)ပေအကျယ်ခန့် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့် တစ်ပင် တစ်တောင်ခန့်အကွာ အစေ့တိုက်ရိုက်ချစိုက်ပျိုးနိုင်ပြီး အစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩဇာကျွေးပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် အသီးအထွက်နှုန်းကောင်းမွန်ကြောင်း၊ လိုအပ်သည့်အချိန်တွင် သဘာဝ ပိုးကာကွယ်နှိမ်နင်းဆေးများ ဖျန်းပေးရကြောင်း၊ အပင်ပြုစုကောင်းပါက ရက်ပေါင်း(၉၀)အထိ ခူးဆွတ် ရောင်းချရသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

ရုံးပတီသီးနှံစိုက်ပျိုးရောင်းချခြင်းများနှင့်ပတ်သက်၍ နေစဉ်အသုံးစရိတ်ရရှိရေးအတွက် ယာမြေ(၁)ဧကတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြောင်းနှင့် ကုန်ကျမှုစရိတ်အဖြစ် ငွေကျပ်(၃)သိန်းကျော်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီးရက်ပေါင်း(၆၀)ကျော်ပါက ရောင်းတန်းဝင်ရုံးပတီသီးများစတင်ကာ နေ့စဉ်ခူးဆွတ် ရောင်းချရကြောင်း၊ ရောင်းဈေးအနဖြေင့် ရုံးပတီသီးတစ်ပိသာလျင် ငွေကျပ်(၈၀၀)မှ(၁၁၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ စတင်စတင်ခူးဆွတ်ချိန်တွင် (၁၅)ပိဿာခန့်ခူးဆွတ်နိုင်ပြီး အသီးလှိုင်ချိန်တွင် (၆၀)ပိဿာအထိ ခူးဆွတ်ရောင်းရသဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ပတ္တာကျေးရွာမှ ဦးကြည်စိုးက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)