လှိုင်သာယာ(အရှေ့ပိုင်း) နို၀င်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ၂ဝ၂၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီ၌ အမှတ်(၆)ရပ်ကွက်အောင်မြေသာယာဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အင်းစိန်မြို့နယ်အသင်း၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အသင်းနှင့် လှိုင်သာယာ (အနောက်ပိုင်း) အသင်းတို့မှ နိုဝင်ဘာ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ ၀င်ရောက် ယှဥ်ပြိုင်လျက်ရှိရာ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အသင်းမှ အင်းစိန်မြို့နယ်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိပြီး ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အသင်းမှ ပထမဆု ရရှိ၍ ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်၊ ဂုဏ်ပြုငွေသား (၅၀၀၀၀၀) ကျပ်အား အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်မှ အားကစားသမားများကို ချီးမြှင့်ပေးအပ်လျက်ရှိသည်။ ဆက်လက်၍ ဒုတိယဆုကို အင်းစိန်မြို့နယ်အသင်းမှ ရရှိ၍ ဆုတံဆိပ်နှင့် ငွေသား (၃၀၀၀၀၀) ကျပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)မှ လည်းကောင်း၊ တတိယဆု ရရှိသော လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အသင်းအား ဆုတံဆိပ်နှင့် ငွေသား (၂၀၀၀၀၀)ကျပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)မှ လည်းကောင်း၊ ထပ်ဆောင်း ချီးမြင့်ငွေ( ၁၀၀၀၀၀) ကျပ်အား ဦးရွှေမန်း ရေခဲမုန့်နှင့် ခေတ်အိမ်ခြံမြေမှ လည်းကောင်း အသီးသီး ဂုဏ်ပြု ချီးမြှင့်ပေးအပ်လျက်ရှိသည်။
ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း ပြိုင်ပွဲသို့ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ အားကစားသမားများ၊ ပွဲကြည့်ပရိသတ်များ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)