မော်လမြိုင် နိုဝင်ဘာ ၁၈
မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားနှင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရေးအတွက် ၂၀၂၃ ခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဒိုးကလေး FC ဘောလုံးအသင်းနှင့် ရောင်နီ FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်းများ၏ ဆုရရှိသော အားကစားသမားများက သတ်မှတ်နေရာတွင် နေရာယူခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူ များကို ငွေသားဆုများအားလည်းကောင်း၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်ဘောလုံး အသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် ရောင်နီ FC ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ တံခွန်စိုက် ဒိုင်းဆုနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့သည်။ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ် အမျိုးသား ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်အတွင်းရှိ မြို့နယ်(၁၀) မြို့နယ်မှ ဘောလုံးကလပ်အသင်း (၁၅) သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)