နမ့်စန်တွင် မဲရုံလုပ်ငန်းဆိုင်ရာသင်တန်း ပို့ချမည်

နမ့်စန်(တ) အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုမဲရုံမှူးများကို မဲရုံလုပ်ငန်း ဆိုင်ရာသင်တန်းအား အောက်တိုဘာလ ၂၄ ရက် နှင့် ၂၅ ရက်တို့တွင် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။


နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် နှင့်ကျေးရွာများ၌ မဲရုံပေါင်း ၁၀၃ ရုံ လျာထားဆောင်ရွက်ထားပြီး မဲရုံလုပ်ငန်း ဆိုင်ရာ သင်တန်းကို အောက်တိုဘာလ ၂၄ ရက်နေ့တွင်   နမ့်စန်မြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၁၁ ခုတို့မှ မဲရုံမှူး နှင့် ဒုမဲရုံမှူး ၁၀၄ ဦးကို ပို့ချသွားမည်ဖြစ်ကာ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျန်ရှိသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ မဲရုံမှူးနှင့် ဒုမဲရုံမှူး ၁၀၂ ဦးကို နမ့်စန်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။


အဆိုပါသင်တန်းဖွင့်လှစ်ပို့ချရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ပြီး အခန်းများခွဲ၍ သင်ကြားပို့ချသွားမည် ဖြစ်ကာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် နိုင်ငံရေး ပါတီများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များကိုလည်း တက်ရောက်လေ့လာနိုင်ရန် ဖိတ်ကြားထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။


သူရအောင်(ပြန်/ဆက်)