ပေါင် နိုဝင်ဘာ ၁၈
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ကျောင်းသား/သူကလေးများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(ပေါင်) ရွှေရတုခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်ခိုင်ခင်ငယ်သင်းက ကျောင်းသား/သူများ စိတ်ဝင်စားဖွယ် ဂိမ်းကစားနည်းကိုးနည်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးကစားနည်းများဖြစ်ကြသည့် သတ်မှတ်ထားသော ပစ်မှတ်ဆီသို့ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးလောင်စာ မီးငြှိမ်းသတ်ရေးကတ်များကို အသုံးပြုခြင်း၊ စောင်ကိုအသုံးပြု၍ လူနာသယ်ဆောင်ခြင်း၊ အိမ်တွင်ရှိသည့် ပစ္စည်းများနှင့် ရှေးဦးသူနာပြုစုခြင်း၊ ရေသန့်ဘူးအသုံးပြု၍ အသက်ကယ်ခြင်း၊ သဘာဝဘေး အန္တရာယ်များဖြစ်သည့်အခါ ယူဆောင်သွားရမည့်ပစ္စည်းများကို စဉ်းစားတတ်စေခြင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသုံးပြု၍ ဉာဏ်စမ်းကစားနည်းတို့ကို ကလေးများလွယ်ကူစွာနားလည်နိုင်သော ရုပ်ပုံများဖြင့် အဆင့်လိုက်ဆက်သည့်ကစားနည်းနှင့် ကြိုးကလေးပုံပြင်စသည့် ကစားနည်းများကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာ၍ ကိုယ်တိုင်ပါဝင်ကစားခဲ့ကြကြောင်းသိရသည်။
အဆိုပါဂိမ်းကစားနည်းများကို ဒုတိယပြည်နယ်မီးသတ်ဦးစီးမှူးဦးကျော်ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)