ချင်းရွှေဟော် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ် ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့ နံနက်(၁၁)နာရီ အချိန်က နေရပ်ပြန်ပြည်သူ(၃၆)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၃၆)ဦးမှာ အမျိုးသား(၂၃)ဦး၊ အမျိုးသမီး(၁၃)ဦးတို့ ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်မှ(၁)ဦး၊ စဉ့်ကူးမြို့နယ်မှ(၁၂)ဦး၊ တောင်သာမြို့နယ်မှ(၁)ဦး၊ မတ္တရာမြို့နယ်မှ(၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှ(၃)ဦး၊ ယင်းမာပင်မြို့နယ်မှ(၁)ဦး၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှ(၆)ဦး ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ(၁)ဦး နှင့် ရှမ်းပြည်နယ်မှ(မြောက်ပိုင်း)ရှိ မြို့နယ်များမှ(၉)ဦးတို့ ဖြစ်ကြောင်း သိရသည်။
၎င်း နေရပ်ပြန်ပြည်သူ(၃၆)ဦးသည် တရုတ်နိုင်ငံမှ လွှဲပြောင်းလာသည့် နေရပ်ပြန်ပြည်သူများ ဖြစ်ကြပြီး တရုတ်နိုင်ငံ ဘက်ခြမ်းတွင် အကြောင်းအမျိုးအမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် ပြည်သူများဖြစ်၍ ၎င်းတို့အား ချင်းရွှေဟော်မြို့ ၊အမှတ်(၁) ရပ်ကွက် ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့ ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ၎င်းတို့၏ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်တို့အား ရယူကာ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင် ရန် မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓါတ်ခွဲအဖြေ ကောင်းမွန်ကြောင်းသိရ၍ ချင်းရွှေဟော်မြို့ ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်း ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား(၈၆၃၃)ဦးနှင့် အမျိုးသမီး(၆၉၇၁)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၆၀၄)ဦး တို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)