ဥတ္တရသီရိ နိုဝင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် New Campus ကိုယ်ပိုင်အလယ်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ Grade-8 ကျောင်းသား၊ ကျောင်းသူများမှ ဆရာ့ရဲ့ဂရုဏာသီချင်းဖြင့် သီဆိုဖျော်ဖြေ ကြပြီး ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကား ပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေး ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီနှင့်အတူ Grade-9မှ မရွှန်းလဲ့ဝေက လူငယ်နှင့်စာရိတ္တ၊ Grade-9မှ မဝင့်ထည်ဝါပြုံးက လူငယ်နှင့်နည်းပညာ၊ Grade-9မှ မယူလင်းမေက လူငယ်နှင့်အားကစား၊ Grade-8မှ မပြည့်ဖြိုးဇင်က လူငယ်နှင့်စာပေ၊ Grade-8မှ မအင်ကြင်းဖြိုးက လူငယ်နှင့်ကျန်းမာရေးစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေး ပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးသောင်းငွေက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန် ကြိုးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များပြသခြင်းနှင့် စာအုပ်၊ စာစောင်များ ပြသခြင်းကို ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ ကျောင်းအုပ်ဆရာကြီး ဦးသောင်းငွေနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)