ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ သင်တန်း(ဒုတိယနေ့)ကို ယမန်နေ့ နံနက်(၉)နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ သက်ဆိုင်ရာ သင်တန်း နည်းပြများမှ ဆက်လက် ဆွေးနွေး ပို့ချပေးလျက်ရှိသည်။
အဆိုပါ သင်တန်းပို့ချရာသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မိုးကြည်၊ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းလှိုင်နှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းတို့ လာရောက်ကြည့်ရှု အားပေး၍ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ပြောကြားပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မိုးကြည်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်နှင့် ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးစိုးမင်းတို့သည် ဆိပ်ကြီး ခနောင်တိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် မြို့နယ်အတွင်း ယာယီမဲရုံ ပြုလုပ်ရန်လျာထားသည့် နေရာများနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ရုံးသစ်ဆောက်လုပ်မည့် မြေနေရာတို့အား လိုက်လံ ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)