တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဒုတိယနေ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး

ကျောက်ဖြူ   နိုဝင်ဘာ ၁၇

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့်အတူ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် STUDENTS HOSTEL ၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများအခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာမများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျောက်ဖြူခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်းကျင်ရွာများမှ ဒေသခံပြည်သူများအား နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းအထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၄၅ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၃၁ ဦး၊ ကလေး ရောဂါ ၄၆ ဦး၊ အရိုးရောဂါ ၁၃၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၂၁၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၇ ဦး စုစုပေါင်း ၈၂၇ ဦးတို့ လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။ ထိုအပြင် အထွေထွေရောဂါ ၁၁ ဦး၊ မျက်စိခွဲစိတ် လူနာ ၉ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်လူနာ ၅၂ ဦး၊ ECG စက်ဖြင့် စမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၄ ဦး ဆေးရုံတက်ရောက်ရန်လိုအပ်သည့် လူနာများ ကို သက်ဆိုင်ရာ ဆေးရုံ များသို့ တက်ရောက်ရန်စီစဉ်ဆောင်ရွက်ပေးလက်ရှိသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်နေမှုများကို နယ်မြေခံတပ်နယ်မှတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးကာ မျက်စိဝေဒနာရှင်များအား လိုအပ်သည့်မျက်မှန်များအခမဲ့တပ်ဆင်ပေးခဲ့ပြီး ဆေးရုံတက်ရောက်လူနာများအား အာဟာရဖြည့်  စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း