ကွမ်းခြံကုန်း အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်ယမန်နေ့ နံနက်(၉)နာရီက မြို့မဈေးကြီးအတွင်း နှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အပြင်ထွက်လာသူတိုင်းအား နှာခေါင်းစည်း (mask)တပ်ဆင်လာခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုတွင်ကိုဗစ်-၁၉မြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးပိုင်းရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပူးပေါင်း၍ မြို့မဈေးကြီးအတွင်းဈေးရောင်းချသူ၊ဈေးဝယ်သူများနှင့် ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် နေအိမ်ပြင်ပသွားလာနေသူများ၊စက်ဘီး၊ဆိုင်ကယ်၊နှင့် မော်တော်ယာဉ် များပေါ်တွင် စီးနင်းလိုက်ပါလာသူများအားနှာခေါင်းစည်း(mask)တပ်ဆင်လာခြင်းမရှိပါက ဒဏ်ကြေးငွေ (၂၀၀)ကျပ်ပေးဆောင်စေပြီး(mask)တစ်ခုပေး၍ ချက်ချင်းတပ်ဆင်စေရန် ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ယခုအချိန်သည် ကူးစက်မြန်ကိုဗစ်− ၁၉ရောဂါဖြစ်ပွားနေ သည့်ကာလဖြစ်သဖြင့် ကြိုတင်ကာကွယ်ရေး အတွက် လူစုလူဝေးများကို ရှောင်ရှားရန်အတွက် တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ရန် ၊ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာကြရန်တို့ကို အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)