မန္တလေးတိုင်းပညာရေးမိသားစု၊ အာစရိယပူဇော်ပွဲ အခမ်းအနားပြုလုပ်

မန္တလေး  နိုဝင်ဘာ ၁၇

မန္တလေးတိုင်းပညာရေးမိသားစု၏ အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀)ရှိ တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အာစရိယပူဇော်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက အမှာစကားပြောကြားပြီး အာစရိယပူဇော်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများအား ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြာရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများက ဂါရဝပြုပူဇော် ကန်တော့ငွေပေးအပ်ကြပြီး တိုင်းပညာရေးမှူးရုံး အရာထမ်း အမှုထမ်းများက ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြရာ ကန်တော့ခံ ဆရာကြီးများကိုယ်စား အငြိမ်းစားတိုင်းပညာရေးမှူးဆရာကြီး ဦးအုန်းကျော်နှင့် ကန်တော့ခံ ဆရာမကြီးများကိုယ်စား အငြိမ်းစားလက်ထောက်တိုင်း ပညာရေးမှူးဆရာမကြီး ဒေါ်အုန်းရီတို့က ဩဝါဒစကားနှင့် ဆုပေးစကားများ ပြောကြားကြသည်။

၎င်းနောက် ဆရာကြီး၊ ဆရာမကြီးများနှင့် တက်ရောက်လာကြသူများက နို့စိမ်းခေါက်ဆွဲ အတူတကွ သုံးဆောင်ခဲ့ကြသည်။

အဆိုပါ အာစရိယပူဇော်ပွဲတွင် မန္တလေးအနီးတဝိုက်မှ ကြွရောက်လာကြသောဆရာကြီး၊ ဆရာမကြီး(၁၀)ဦး၊ နယ်အသီးသီးမှ အဝေးရောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီး(၃၃)ဦး၊ စုစုပေါင်း(၄၃)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ဂါရဝပြုကန်တော့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)