ညောင်ဦး နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ဆောင်းနှမ်းများ အသီးသီးနှုန်း ကောင်းခြင်းနှင့်အတူ အပွင့်များသိမ်းချိန် မိုးရွာသွန်းမှုကြောင့် ဆောင်းနှမ်းများ အထွက်နှုန်းကောင်းရန် သေချာသလောက် ရှိနေပြီဖြစ်ကြောင်း ဆောင်းနှမ်းစိုက်ပျိုးတောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းများ ကြဲပက်စိုက်ပျိုးခြင်းကို ဩဂုတ်လနှင့်စက်တင်ဘာလတို့တွင် ကြဲပက်စိုက်ပျိုးခဲ့ကြောင်း၊ ဆောင်းနှမ်းဟုခေါ်ဆိုသော်လည်း မိုးနှမ်းမျိုးစေ့များကို ကြဲပက်စိုက်ပျိုးကြကြောင်း၊ မိုးအကုန် ဆောင်းအကူးစိုက်ပျိုးခြင်းကြောင့် ဆောင်းနှမ်းဟုခေါ်ဆိုကြကြောင်း ဖွားစောကျေးရွာတောင်သူ ဦးဝင်းစိုးက ရှင်းပြသည်။ ညောင်ဦးမြို့နယ် ကျေးရွာအများစု ဆောင်းနှမ်းစိုက်ပျိုးကြပြီး မိုးမှီသည့် နှမ်းစိုက်ပျိုးခြင်းရှိသလို မိုးရွာသွန်းမှုမရှိပဲ စိုက်ပျိုးထားခြင်းရှိကြောင်း ဆောင်းတွင်း အအေးဓာတ်ဝင်ရောက်ချိန်တွင် အောင်မြင်ဖြစ်ထွန်းကြပြီး အောက်တိုဘာလလောက်တွင် ဆောင်းနှမ်းများ အဖူးဖူး၊ အပွင့်ပွင့် အသီးသီးကြကြောင်း၊ ယခုအခါဆောင်းနှမ်းများ အသီးသီးမှုကောင်းမွန်ပြီး အသီးလုံးတိုင်းအောင်မြင်ကာ ဆောင်းနှမ်း အထွက်နှုန်းကောင်းရန် သေချာသလောက်ရှိနေပြီဖြစ်ကာ ပြန်လည်ရောင်းချချိန်တွင် ဈေးနှုန်းကောင်းများလည်းရရှိကြရန် ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းစိုက်ပျိုးတောင်သူများ မျှော်လင့်နေကြကြောင်း သိရသည်။
ဒီပါလင်း