တံတားမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တံတား နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က တံတားမြို့၊ အ.မ.က (မူလွန်)ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ဌာန၏ဆောင်ရွက်လျက်ရှိသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ စာဖတ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောခဲ့သည်။ အဆိုပါအခမ်းအနားတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဓာတ်ပုံနံရံကပ်စာစောင်များ၊ သုတ၊ ရသ၊ စာအုပ်များခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)