မြောက်ဥက္ကလာပမြို့နယ်တွင် ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ရေး အသိပညာပေး အခမ်းအနားဆောင်ရွက်

မြောက်ဥက္ကလာပ  နိုဝင်ဘာ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ သုနန္ဒာလမ်းနှင့် ကျောင်းလမ်းထောင့်ရှိ အမှတ်(၁)အခြေခံပညာအထက်‌တန်းကျောင်း မြတ်ခရေခန်းမ၌ ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုံ့ပြန်ရေး အသိပညာပေး အစီအစဉ်အခမ်းအနားကို ယမန်နေ့နေ့လယ် ၁နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးပြည့်စုံမှ အခမ်းအနားဖွင့်ပွဲမိန့်ခွန်းနှင့် အခမ်းအနားပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ သရုပ်ပြခြင်း၊    ဂိမ်းကစားနည်း (၉)မျိုးတို့ကို ဂိမ်းကစားခြင်း၊ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဖြေကြားခြင်းများကို တပ်ဖွဲ့ဝင်အင်အား (၅၀)ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂)ဦး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ (၁၀)ဦး၊ Grade-6 မှ ကျောင်းသား/ကျောင်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)