ကျောက်ဆည်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ယနေ့ နံနက်(၉)နာရီက ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မော်တော်ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ရန်၊ အချက်ပြမီး၊ ဘရိတ်မီးများကောင်းမွန်ရန်၊ ယာဉ်ကြောပြောင်းပြန်မစီးရန်၊ ယာအစွန်လမ်းများမှသာ စီးနင်းမောင်းနှင်ရန်၊ လက်လွှတ်မမောင်းရန်၊ မူးယစ်သောက်စားပြီး မမောင်းရန်၊ သတ်မှတ်ယာဉ်ကြောမှ မောင်းရန်၊ ဖြောင့်တန်းစွာမောင်းရန်၊ ပြိုင်မမောင်းရန်၊ ယာဉ်မောင်းနှင့်ယာဉ်လိုက်ပါစီးနင်းသူများ အသက်ကယ် ထိုင်ခုံခါးပတ်များကို ကိုယ်တွင်တပ်ဆင်ရန်၊ ယာဉ်ထိန်းရဲ၏ လက်အချက်ပြမှုနှင့် ညွှန်ကြားမှုကို အမြဲလိုက်နာရန်၊ ကျောင်းအနီးတွင် အရှိန်ပြင်းစွာ မမောင်းရန်၊ လူကူးမျဉ်းကြားပေါ်တွင် ယာဉ်လုံး ဝမရပ်ရန်စသည့် အကြောင်းအရာများ ဟောပြောခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လမ်းဖြတ်ကူးပါက ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်ပြီး လမ်းရှင်းမှကူးရန်၊ ကားရှင်းသည့်နေရာမှလမ်းကူးရန်၊ လူကူးမျဉ်းကြားမှ ကူးရန်၊ ယာဉ်မောင်းလိုင်စင်ပါမှ ယာဉ်မောင်းရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရန်၊ လိုင်စင် ခွင့်မပြုထားသော ယာဉ်များ မမောင်းရန်၊ ယာဉ်ကို ဘေးအန္တရာယ်ဖြစ်အောင် မမောင်းရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲ့မှု ဥပဒေများအား ဟောပြောခဲ့ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသားကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်များနှင့် ယာဉ်စည်းကမ်း  လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး၊ ကလေးအလုပ်သမား ပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေးနွယ်(ပြန်/ဆက်)