လားရှိုးမြို့တွင် မန္တလေးနယ်တစ်ဝိုက်မှ တင်ပို့ရောင်းချရသည့် ကွမ်းရွက်ဈေးနှုန်းများ အနည်းငယ်မြင့်တက်

လားရှိုး နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မန္တလေးနယ်တစ်ဝိုက်မှ တင်ပို့ရောင်းချကြသည့် ကွမ်းရွက်ဈေးနှုန်းများ အနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရသည်။

ကွမ်းရွက်များကို ယခင်က မန္တလေးမှ လားရှိုးမြို့သို့ မန္တလေး-ပြင်ဦးလွင်-ကျောက်မဲ-သီပေါ-လားရှိုး ပြည်ထောင်စုလမ်းမကြီးအတိုင်း တိုက်ရိုက်တင်ပို့ရောင်းချနိုင်ကြသော်လည်း ယခုအခါ မန္တလေး-တောင်ကြီး-ရပ်စောက်-အင်တော-ကျောက်ဂူ-နမ့်လန်း- သီပေါ-လားရှိုးလမ်းအတိုင်းလာခဲ့ရခြင်းကြောင့် သယ်ယူစရိတ်မြှင့်မားကာ တက်ဈေးအနည်းငယ်ရှိကြောင်း သိရသည်။

“မန္တလေးကနေ ကွမ်းရွက်တစ်ပိဿာကို ကိုးထောင်ဈေးဝယ်ရတာပေါ့။ ဒီအရောက်ဆိုရင် ဆယ်ပိဿာပါ  ကွမ်းရွက်ခြင်းတစ်ခြင်းကို စရိတ်ကတစ်သိန်းကျော်ကျတယ်။ ပြန်ရောင်းရင် တစ်သိန်းခွဲလောက်ရောင်းမှ နည်းနည်းကျန်တာပေါ့။”ဟု ကွမ်းရွက်ရောင်းချသူတစ်ဦးက ဆိုသည်။

ယခုက လားရှိုးမြို့တွင် ကွမ်းယာငါးရာကျပ်ဖိုးလျှင် ခုနှစ်ယာခန့်ထိရသော်လည်း ယခုအချိန်တွင် ကွမ်းယာတစ်ယာလျှင် တစ်ရာကျပ်ထိ ဈေးရှိလာကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)