ဇမ္ဗူသီရိ နိုဝင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာပြုလုပ်ခြင်း လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ ရှင်းလင်းဆောင်၌ကျင်းပရာ နေပြည်တော်နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆုလာဘ်ပိုင်ဖောင်ဒေးရှင်းအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်ကို သဘောတူ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံဖြစ်ပါကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဟာ အာဆီယံနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများပါ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချနိုင်ရေး အမှိုက်များအား မီးရှို့ခြင်းမပြုဘဲ စနစ်တကျစွန့်ပစ်ခြင်းဖြင့် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ ထည့်သွင်းပေါင်းစပ်ခြင်းဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ကို ရည်မှန်းချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ၂၀၁၇ ခုနှစ်တွင် ပေးအပ်ချီးမြှင့်ခဲ့သော အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့သော မြို့ကြီးများဆုကို ရရှိခဲ့ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် Clean City, Green City and Smart City မြို့တော်ဖြစ်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘဌေးက မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်း(ကောက်ရိုးပြတ်များ၊ ပြောင်းရိုးများ)အား သဘာဝမြေဩဇာပြုလုပ်ပုံအဆင့်ဆင့်အား လက်တွေ့ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံတောင်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)