လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်များမှ မိသားစု(၂၇)စုအတွက်(We Love Kungyangon) အဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်းများသွားရောက်လှူဒါန်း

ကွမ်းခြံကုန်း အောက်တိုဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တော်ခလူးကျေးရွာတွင် ယခုလ(၁၉)ရက်နေ့ညပိုင်းက တိုက်ခတ် ခဲ့သောမိုးသက်လေပြင်းကြောင့် နေအိမ်(၄)လုံး ပြိုကျပြီး (၂၃)လုံးပျက်စီးခဲ့သဖြင့် သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသောအိမ်ထောင်စုများမှ မိသားစုဝင်များအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများကို ယမန်နေ့က (We Love Kungyangon)အဖွဲ့မှသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
လှူဒါန်းမှုများအဖြစ် အိမ်ထောင်စုတစ်စုလျှင်ဆန်(၆)ပြည်၊ ဆီ (၅၀)သား၊ခေါက်ဆွဲခြောက် (၁၁)ထုတ်၊ ငါးသေတ္တာ(၄)ဗူး၊ပဲနို့ဗူး(၁)ကဒ်တို့ကို အိမ်ထောင်စု(၂၇)စုအတွက် လှူဒါန်း ခဲ့ကြောင်း သိရသည်။ တော်ခလူးကျေးရွာသည် ရန်ကုန်မြစ်ဝအနီးတွင် တည်ရှိပြီး အိမ်ခြေ(၂၀၀)ခန့်ရှိ၍ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်များမှာ မြစ်ကမ်းဘေးတွင် နေထိုင်သည့်ရေလုပ်ငန်းလုပ်ကိုင်သူများ၏ အိမ်များဖြစ်ကြောင်းသိရသည်။ 
လှူဒါန်းမှုများအတွက်(We Love Yangon)အဖွဲ့နှင့်ချိတ်ဆက်၍ သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး တော်ခလူးကျေးရွာရှိအဖြူရောင် မေတ္တာလူမှုကူညီရေးအသင်းမှလည်း ပူးပေါင်း ကူညီခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)