မိုင်းရှူးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

မိုင်းရှူး နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လအတွက် အသက်(၈၅)နှစ်အထက် သက်ကြီးလူမှုရေးပင်စင် ငွေကြေးထောက်ပံ့‌ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမဆောင်၌ ငွေကျပ်(သုံးဆယ်သိန်း‌ခြောက်သောင်း)တိတိအား ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုင်းရှူးမြို့နယ်နှင့် မိုင်းစံမြို့အတွင်းတွင် အသက်(၈၅)နှစ်အထက် သက်ကြီးလူမှု‌ရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုး(၃၈)ဦး၊ ဘွား(၆၄)ဦး စုစုပေါင်း(၁၀၂)ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)တိတိကို လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲလင်းထွဋ်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်ထံလွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်/ကျေးစာရေးများမှ ဘိုးဘွားများလက်ဝယ်ဆီသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)