ဘီးလင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဘီးလင်း နိုဝင်ဘာ ၁၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဗိုလ်တေဇ  အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘီးလင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက လူငယ်နှင့်စာရိတ္တ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေး‌ဟောပြော‌ခဲ့သည်။

ဆက်လက်၍ ဘီးလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်သန်းသန်းရွှေက ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် ကျန်းမာသန်စွမ်းသည့် လူငယ်လူရွယ်များဖြစ်စေစေရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း၏ အရေးပါပုံကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့‌ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)