ချမ်းအေးသာစံ နိုဝင်ဘာ ၁၇
အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ အ-လ-က လေ့ကျင့်ရေးကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ကြီး ဒေါ်ခင်မာအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဦးထွန်းထွန်းနိုင်က ဦးဆောင်၍ Grade 9 ကျောင်းသား၊ ကျောင်းသူ ၆ဦးတို့က လူငယ်နှင့် ပေါင်းသင်း ဆက်ဆံရေး၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်အားလပ်ချိန်အား အကျိုးရှိစွာအသုံးချ ခြင်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ အမျိုး သမီးငယ်များကဏ္ဍ စသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဖြေကြားကာ ဦးထွန်းထွန်းနိုင်က နိဂုံးချုပ်စကားပြောကြားသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ သုတရသ စာအုပ်၊ စာစောင် ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး စေရေးအတွက် စွမ်းရည်ပြိုင်ပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် သုတရသစာအုပ်၊ စာစောင်ခင်းကျင်းပြသခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်