ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာ၌ တောင်သူများ ပူးပေါင်းပါဝင်သော စပါးမျိုးစေ့ ရွေးချယ်ပွဲ ကျင်းပ

ရမည်းသင်း နိုဝင်ဘာ ၁၆

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့်သီးနှံကာကွယ်ရေးဌာနခွဲ၊ ဇီဝနည်းပညာသုတေသနဌာနစုနှင့် ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာ တောင်သူ ဦးစိုးခိုင်၏ ကွင်းအမှတ် (၁၁၁၄)၌ သက်တမ်းတိုးဆင်းသုခ စပါးမျိုး (၅)မျိုး၊ စပါးမျိုးလှိုင်းသစ်၊ ရွှေရီတိုးစပါးမျိုးနှင့် YMR-20 စပါးမျိုးတို့ကို တောင်သူများ ပူးပေါင်းပါဝင်သည့် စပါးမျိုး ရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ စပါးမျိုးရွေးချယ်ပွဲတွင် စိုက်ပျိုးရေးသုတေသန၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်သက်သက်ဦးက သီးနှံများ၏ မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ် ရရှိသည့် အခြေအနေတို့ကိုလည်းကောင်း၊ ရမည်းသင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကြည်လင်းက ရမည်းသင်းခရိုင်အတွင်း တောင်သူများ စပါးစိုက်ပျိုးမှုကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေးသုတေသနခြံတာဝန်ခံ ဒေါ်ခင်ပပအေးက တောင်သူများ၏ စိုက်ပျိုးသီးနှံအထွက်နှုန်း ကောင်းစေရန် သီးနှံများ သုတေသနပြုလုပ်ကာ မျိုးကောင်း၊မျိုးသန့် ရွေးချယ်အသုံးပြုစိုက်ပျိုးရေးကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသန၊ ဇီဝနည်းပညာ သုတေသနဌာနစု ဒုတိယညွှန်ကြားရေးမှူးဒေါက်တာသီတာမှ သီးနှံများ သုတေသနပြုရသည့် ရည်ရွယ်ချက်နှင့် စပါးသုတေသနပြု စိုက်ပျိုးဆောင်ရွက်ခြင်း အဆင့်ဆင့်အား တောင်သူများကို ရှင်းလင်းပြောကြားရာက တင်ကျေးရွာမှ တောင်သူဦးဆန်းလွင်မှ သီးနှံရောဂါ အခြေအနေ ဆွေးနွေးရာ တာဝန်ရှိတို့က ရမည်းသင်းစီပင်သုတေသနခြံ၌ ရောဂါပိုးမွှာအန္တရာယ် ကာကွယ်ရန် သုတေသနခြံ လေ့လာနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် တောင်သူများမှ အင်ကြင်းကန်ကျေးရွာ တောင်သူဦးစိုးခိုင်၏ ကွင်းအမှတ် (၁၁၁၄)၌ သက်တမ်းတိုး ဆင်းသုခစပါးမျိုး(၅)မျိုး၊ စပါးမျိုးလှိုင်းသစ်၊ ရွှေရီတိုးစပါးမျိုးနှင့် YMR-20 စပါးမျိုး ယှဉ်ပြိုင်စမ်းသတ်ကွက်အတွင်းရှိ စပါးမျိုးများကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြကြောင်း သတင်းရသည်။

ဇော်ဝင်းအောင်