တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဖြူ   နိုဝင်ဘာ  ၁၆

ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့်အတူ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့တွင် ရောဂါဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူ၊  ခွဲစိတ်ပါရဂူ၊ အထွေထွေရောဂါကုပါရဂူ၊ မျက်စိပါရဂူ၊ သွားရောဂါအထူးကုပါရဂူ၊ နား/နှာခေါင်း/လည်ချောင်း ပါရဂူ၊ သားဖွားမီးယပ်အထူးကုပါရဂူ၊ ကလေးအထူးကုပါရဂူ၊ အရိုးရောဂါအထူးကုပါရဂူ၊ မေ့ဆေးပါရဂူ၊ ဓာတ်ခွဲပါရဂူနှင့် ဓာတ်မှန်ပါရဂူ ဆရာဝန်ကြီးများပါဝင်သောအဖွဲ့သည် ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်း၌ အခြေပြု၍ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ၎င်းတို့၏ မိသားစုဝင်များအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ လာရောက်ပြသ ကြသည့် ပြည်သူများအား ပညာရေးဌာနမှ ဆရာမများက အမည်ရေးသွင်းခြင်း၊ ကျန်းမာရေးဌာနမှ သူနာပြု ဆရာ၊ ဆရာမများက သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျောက်ဖြူခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က သတ်မှတ်နေရာများသို့ လိုက်လံပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

၎င်းဆေးကုသမှုခံယူရန်လာရောက်ကြသည့် ဒေသခံပြည်သူများအား ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ လှည့်လည် ကြည့်ရှုကာ အားပေးစကားပြောကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျောက်ဖြူမြို့တွင် နိုဝင်ဘာ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ နှစ်ရက်ကြာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးဝေလင်း