တာလေမြို့၌ “မိုးနှောင်းဆောင်းဉီး အဖျားကြူးလျှင်နှင့် အခြားကျန်းမာရေးဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

တာလေ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍  ယနေ့နေ့လယ် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ ဆင်ဖြူကျွန်း ကျော်လှိုင်ဉီးရေးသားသည့် “မိုးနှောင်းဆောင်းဉီး အဖျားကြူးလျှင်နှင့် အခြားကျန်းမာရေးဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက “အာရောဂျံ ပရမံလာဘံ”ခေါင်းစဉ်ဖြင့် ဉီးဆောင်ဆွေးနွေးရာတွင် “ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပြည့်စုံခြင်းကို လူတိုင်းအလိုရှိကြောင်း၊ တစ်ယောက်နှင့် တစ်ယောက် လမ်းမှာတွေ့လျှင် နေကောင်းလားဟု အရင်မေးပြီး နှုတ်ဆက်လေ့ရှိရာ ထိုအချက်သည် လူတို့တွင် ကျန်းမာရေးသည် လွန်စွာအရေးကြီးကြောင်း ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းနေခြင်းသည် အမြတ်ဆုံးသော လာဘ်ရခြင်းပင်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပြည့်စုံခြင်းကို ရွှေ၊ ငွေဖြင့် မလဲနိုင်ကြောင်း၊ မလဲနိုင်သည့်အပြင် ကျန်းမာရေးမကောင်းပါက ရှိသည့်  ရွှေတွေ၊ ငွေတွေကို ရောင်းချပြီးကုသရသဖြင့် ကျန်းမာရေးသည် ရွှေငွေထက်ပို၍ အရေးကြီးပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်ပြည့်စုံရန် ကံ၊ စိတ်၊ ဉတု၊ အာဟာရတို့ကို သင့်တင့်အောင်နေပါ၊ မျှတအောင်နေပါ၊ ဆန့်ကျင်ပြီး မနေထိုင်ပါနှင့်၊ သို့မှသာ အာရောဂျံ ပရမံလာဘံ ကျန်းမာခြင်းနှင့်ပြည့်စုံပြီး လာဘ်ရသူတစ်ယောက်ဖြစ်လာနိုင်ကြောင်း” အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက “အသက်ရှည်ကြောင်းနည်းလမ်းကောင်း၊ ကျန်းမာရေးအတွက် အလေးထားသင့်သော နေထိုင်စားသောက်နည်းများ၊ မိုးနှောင်းဆောင်းဉီး အဖျားကြူးလျှင်” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိကာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)