မိုင်းဆတ်မြို့၌ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယမန်နေ့မွန်းတည့် (၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိစေမည့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ပါက အထောက်အကူဖြစ်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ကောင်းမွန်စေရန်၊ ကျောင်းသင်ခန်းစာများသင်ကြားရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲတွင် အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီး အာဟာရမုန့်များပေးဝေခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)