ပုဗ္ဗသီရိ နိုဝင်ဘာ ၁၆
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသည့်စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များမြင့်မားလာစေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ခဲ့ရာပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပအခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတရသစာအုပ်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)