ပုဗ္ဗသီရိ နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆိုပါ လူငယ်စကားဝိုင်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဥတ္တရခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းအခမ်းအနားတွင် စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်နှင့် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း Grade-11မှ မဆုလဲ့ရတနာ၊ Grade-10မှ မောင်သန့်နောင်စိုးနှင့် Grade-10မှ မောင်ဇွဲလင်းထွဋ်တို့က ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင် ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်ပြဘုတ်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)