အင်းစိန်မြို့နယ်၊ အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားစေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်၊ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ အမှတ် (၉) အခြေခံပညာ လယ်တန်းကျောင်းတွင် ကျင်းပသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့် အင်းစိန်မြို့နယ်၊ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး) တို့က  အမှာစကားအသီးသီးပြောကြားပြီး အင်းစိန်မြို့နယ်၊ အမှတ်(၉)အခြေခံပညာ လယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်လွင်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် လူငယ်အသိပညာပေး ဟောပြောပွဲတွင် စာရေးဆရာမ တက္ကသိုလ် မြမဥ္ဇူက လူငယ်များ ဗလငါး တန်ပြည့်ဝစေရေး အသိပညာပေး သိကောင်းစရာများကို ဟောပြောပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲကို အင်းစိန်မြို့နယ်၊ အမှတ်(၉) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာပေမြင့်မှလူမျိုးတင့်မည်၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ ယနေ့လူငယ် နောင်ဝယ်လူကြီး၊ ချစ်မြတ်နိုးစရာ မြန်မာ့ အနုပညာနှင့်ပညာရဲရင့် ပွဲလယ်တင့် ခေါင်းစဉ်များဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အလားတူ ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို အင်းစိန်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ လယ်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာ လယ်တန်းကျောင်းတို့တွင်လည်း ကျင်းပခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို( ပြန်/ဆက်)