လှည်းကူး နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀း၀၀)နာရီက လှည်းကူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ငါးဆူတောင်)၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၂) ဦခင်ဇော်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန် ရည်ရွယ်၍ လူငယ်စကား၀ိုင်းကို ကျင်းပပေရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကိုဆောင်ရွက်ရာတွင် အစီအစဥ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့နှင့် အခြေခံပညာအထက်တန်းကျောင်း (ငါးဆူတောင်)မှ စက်မှုအထူးပြုဆရာမ ဒေါ်ဖြိုးမြတ်ကြည်သန့်တို့က ဆောင်ရွက်ပြီး အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်အားကစား အစရှိသည့် ခေါင်းစဥ်များကို ဆွေးနွေးခဲ့ကြသည်။ အခမ်းအနား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူ (၆)ဦးမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (ငါးဆူတောင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၈၃)ဦးခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)