လက်ပံတန်း နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးရေး၊ ကျောင်းသား ကျောင်းသူအချင်းချင်း အသိပညာဗဟုသုတ မျှဝေဆွေးနွေးတတ်စေရန်အတွက် လူငယ်စကားဝိုင်း ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က (မကျီးကွင်း) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် မြို့နယ်စာပေချစ်သူများအသင်းဥက္ကဋ္ဌ ဆရာမြင့်သိန်း (ရွှေတောင်-ချည်/ထည်/ချော) တို့က ဦးဆောင်ဆွေးနွေးသူများ အဖြစ်ဆောင်ရွက်ကာ GRADE-11 မှ မောင်ဂျွန်ကိုလင်းနှင့် မကောင်းမေသော်တို့က "လူငယ်နှင့် လူမှုကွန်ယက်မီဒီယာ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ GRADE-9 မှ မောင်ကျော်ဇင်ဝင်းနှင့် မယွန်းဝတီမိုးတို့က “လူငယ်နှင့် စာပေ” ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး နော်အေးမိခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး နော်အေးမိခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)