တပ်ကုန်း နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(နောင်သင်္ခါ)တွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ် (၃) လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က “လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု” ခေါင်းစဉ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်၊ မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း) က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြသည်။
ထိုဟောပြောပွဲတွင် အနော်ရထာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(နောင်သင်္ခါ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀) ဦးတို့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ် စာစောင်များအား လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တင်စိုးလွင်