မောက်မယ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ကွင်းဆင်းဆောင်ရွက်

မောက်မယ် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ် ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားသဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ယခုလူငယ်၊ နောင်ဝယ်လူကြီးများ ဖြစ်ကြမည့် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ပေါက်စေရန် လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး စသည့်အကြောင်းများ ဆွေးနွေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်သော်က နယ်လှည့်စာကြည့် တိုက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအား ဖတ်ရှုစေခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း၌ ခင်းကျင်းပြသထားသော လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဓါတ်ပုံနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)