ကျောက်တလုံးကြီးမြို့တွင် နေအိမ်ခြံဝင်းအတွင်း ဂေါ်ရခါးပင်တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကျောက်တလုံးကြီး နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ ကျောက်တလုံးကြီးမြို့ရှိ လူနေအိမ်များတွင် ဂေါ်ရခါးပင်များကို စင်ထိုး၍ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိပြီး ယခုအခါတွင် ဂေါ်ရခါးသီးများ အထွက်နှုန်းကောင်းမွန်သည့် အတွက် ခူးယူရောင်ချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

စိုက်ပျိုးထားသော ဂေါ်ရခါးသီးပင်များမှာ ဘာဝမြေဩဇာကိုသာ အသုံးပြုခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး လူကြိုက်များသည့်သီးနှံဖြစ်သကဲ့သို့ ကြော်စား၍သော်လည်ကောင်း၊ ပြုတ်စား၍သော်လည်ကောင်း၊  ဟင်းချိုအဖြစ်ချက်ရာတွင်လည်ကောင်း အသုံးပြုကြသည့်အပြင် ဒေသအတွင်းရှိ စားသောက်ဆိုင်များတွင်လည်း အဓိကအသုံးပြုကြသည့်အတွက် ရောင်းအား ကောင်းလျက်ရှိကြောင်းသိရသည်။

ဂေါ်ရခါးသီးများကို မိသားစုမီးဖိုချောင်စရိတ်သက်သာရေးအတွက် အိမ်တွင်စားသုံးကြသကဲ့သို့ ဈေးနှင့် စားသောက်ဆိုင်များသို့ ရောင်းချရာတွင် တစ်ပိဿာလျှင် ကျပ် (၅၀၀) မှ (၈၀၀) အထိရရှိကြောင်းနှင့် ဂေါ်ရခါးပင်များသည် ရာသီမရွေးစိုက်ပျိုးနိုင်သောကြောင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း ဂေါ်ရခါးပင်စိုက်ပျိုးသူ ဒေါ်နန်းစွဲထံကသိရသည်။

ဇော်နိုင်လင်း