ရန်ကုန် နိုဝင်ဘာ ၁၆
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ကသန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ယင်းသို့စစ်ဆေးရာတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေး စက်ရေတွင်းနှင့် အမြင့်ရေစင်ဆောင်ရွက်နေမှု၊ စီးပွားဖြစ်အသားတိုးဝက်မွေးမြူမှု၊ ခေတ်မီစံပြကျေးရွာထူထောင်နေမှု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းလည်ပတ်နေမှု၊ ကျေးလက်လမ်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏ္ဏီများ၊ ကျေးရွာတာဝန်ရှိသူများအား လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးကြိုပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)