ကျောက်ဆည်မြို့၌ (၂၈)ကြိမ်မြောက်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်ပနိုင်ရေး လုပ်ငန်းအစည်းအဝေးကျင်းပ

ကျောက်ဆည်  နိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၂၈)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန့်နေ့နံနက် (၁၀)နာရီအချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ကျောက်ဆည်မြို့နယ်အနေဖြင့် နှစ်စဉ်ကျင်းပြုလုပ်မြဲဖြစ်သော ဝန်ထမ်းပေါင်းစုံစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ခရိုင်အဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများစုပေါင်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၂၃) ရက် မွန်းလွဲ(၁)နာရီတွင် သီရိသာသနာ့ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အလှူရှင်များ အနေဖြင့် မဟာဘုံကထိန်တော်ကြီး စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး ယခင်နှစ်ကထက် စိတ်အားထက်သန်စွာဖြင့် ကထိန်ဉတ်သင်္ကန်းနှင့် ဉတ်မကြီးပဒေသာပင်အတွက် အလှူငွေများလှူဒါန်း နိုင်ရေး အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် စက်ရုံ/အလုပ်ရုံ များမှတာဝန်ရှိသူများက ဦးစီးဌာနအလိုက် လှူဒါန်းသွားမည့်ပဒေသာပင်များအား ဆရာတော်ကြီးများထံ လှူဒါန်းနိုင်ရေးအသီးသီးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး