ကချင်ပြည်နယ်ဝန်ကြီးချုပ် ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်၊ ရှိန်းခေါင်ဒေသ မီးဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပူတာအို နိုဝင်ဘာ ၁၆

မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဝမ်းစာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်း စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပူတာအိုခရိုင်သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ နိုဝင်ဘာ ၁၀ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်မွန်မြို့နယ် ရပ်ဘော့ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရင်းနှီးမတည်ပေးမှုဖြင့် ဦးချန်တန် ဆားရမ်၏ အိမ်၌ အစုအဖွဲ့ပိုင် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေကြသည့် တောင်သူများ၏ ဒေသဝက်များမွေးမြူထားရှိမှုနှင့် ရှင်သန်ကြီးထွားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဝက်များ ရောဂါမဖြစ်ပွားစေရေးနှင့် တိရစ္ဆာန် အထောက်အကူပြုဆေးဝါးများ ပေးအပ်ပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကျေးရွာအတွင်း ရပ်ဘော့နှင့် လုံးခါးကျေးရွာတို့ကို ကဆန်ချောင်းအားဖြတ်၍ ဆက်သွယ်ထားသော ကြိုးတံတားဟောင်း၏ ကြံ့ခိုင်မှုအား ဖြတ်သန်းကြည့်ရှုစစ်ဆေးကာ တံတားအသစ်ပြုပြင်တည် ဆောက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။

ယင်းနောက် မဂွေဇ-ခေါင်လန်ဖူးလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ကြရာ ငါ့လုံဒမ်းကျေးရွာ၌ ဒေသဝက်များ မွေးမြူအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အမြင့်ပေ ပေါင်း ၇၇၀၀ ရှိ ဆန်းလွတ်ချက်တောင်ထိပ်၌ တောတောင်ရေမြေသဘာဝရှုခင်းများနှင့် တောင်ဆင်း လမ်းအခြေအနေတို့ကို ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဂွေဇ-ခေါင်လန်ဖူးလမ်းအတိုင်း ဆက်လက် ထွက်ခွာခဲ့ရာ ရီဒမ်ကျေးရွာအနီး မေခမြစ်ပေါ်တွင် တည်ဆောက်ထားသော ရီဒမ်းဂျစ်ကားကူး ကြိုးတံတား တည်ဆောက်ထားရှိမှုနှင့် တံတားကြံ့ခိုင်မှုတို့ကို ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး ခေါင်လန်ဖူးဒေသသို့ မေခမြစ်အားဖြတ်သန်း၍ ကုန်တင်ယာဉ်ကြီးများ လွယ်ကူစွာ ဖြတ်သန်းသွား လာနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တံတားအမှတ် (၁/၄၄) ရီဒမ်းတံတား သစ်အရှည်(၆၀၀)ပေတံတား ရေလယ်တိုင်များ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြကာ ရှင်းလင်း‌ဆောင်၌ တာဝန်ရှိသူများ၏ တံတားဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ တံတားချဉ်းကပ်လမ်း တည်ဆောက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မဂွေဇ-ခေါင်လန်ဖူးလမ်းပိုင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျောက်ခင်းလမ်း ၉ မိုင် ဆောင်ရွက်ခြင်းလုပ်ငန်း နှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိုင်တိုင် ၄၉ နှင့် ၅၀ ကြားတွင် ကျောက်ခင်းလမ်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခေါင်လန်ဖူးမြို့သို့ ရောက်ရှိခဲ့ ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ဆိုင်ကယ်များ စီးနင်းပြီး ခေါင်လန်ဖူးမြို့မှ တစ်ဆင့် ရှိန်းခေါင်ကျေးရွာထိ သွားလမ်းတစ်ခုဖြစ်သည့်အပြင် ဒေသ၏ အဓိကထုတ်ကုန် စိုက်ပျိုးရေးသီးနှံ ရှာကောခင်းများသို့ သွားလာရာတွင် လည်းကောင်း၊ သီးနှံများ သယ်ယူတင်ပို့ရာ တွင် လည်းကောင်း အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် ခေါင်လန်ဖူး-ညီတာဒီး (၅၅)မိုင် ဆိုင်ကယ် လမ်းပိုင်းအတွင်း ခေါင်လန်ဖူး - ဆရမ်ဖာလမ်းပိုင်းထိ ဆိုင်ကယ်လမ်းဖောက်လုပ် ပြီးစီးမှုကို မရလ်ဒမ်းကျေးရွာအထိ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မရလ်ဒမ်းကျေးရွာမှတစ်ဆင့် ဆိုင်ကယ်လမ်း တောင်ပတ်လည်း တစ်လျှောက် လမ်းဖောက်လုပ်နေမှု အခြေအနေများနှင့် အလားတူ ညီတားဒီ ကျေးရွာအထိ တောင်ပေါ်ကားလမ်းဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည်  အပြန်ခရီးတွင် ခေါင်လန်ဖူးမြို့ မီးလင်းရေးအတွက် အထန်ချောင်းရေမှ တစ်မီဂါဝပ်ထွက် ရေအား လျှပ်စစ်ထုတ်လုပ်နိုင်‌ရေး ကနဦးကွင်းဆင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေအားလျှပ်စစ်စက်ရုံ ဆောက်လုပ် နိုင်ရေး ဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများကို ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ် ခေါင်လန်ဖူးမြို့နယ်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဝမ်နှင့် လီဆူစာပေယဉ်ကျေးမှု အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သော ကျေးရွာအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် များ၊ ရှိန်းခေါင် ဒေသမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးဒေသသည် ဝေးလံခက်ခဲပြီး သွားလာရ မလွယ်ကူသော ဒေသတစ်ခုဖြစ်သည့် နိုင်ငံတော်အစိုးရအနေဖြင့် မဂွေဇ-ခေါင်လန်ဖူးလမ်းပိုင် ပြီးစီးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုအပြင် ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက် ရေးကို အလေးထားလုပ်ဆောင်လျက်ရှိသည့်အပြင် ဒေသထွက် ရှာကောအား အဓိကထုတ်ကုန်တစ်ခုအဖြစ် အလေးထားထုတ်လုပ်နိုင်ရေး၊ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တရုတ်နိုင်ငံသို့ တရားဝင်ကုန်စည်အဖြစ် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံများအနေဖြင့် လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့ဆိုင်ရာအချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသူများက စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် များကို တင်ပြကြရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ဒေသခံများအကြား ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့နယ်အဆင့်ဌာနဆိုင်ရာများ အတွက် SKY Net (၁၀)စုံ၊ တီရှပ်အင်္ကျီအထည်(၆၀)၊ အားကစားဝတ်စုံအထည် (၄၀)၊ မုန့်မျိုးစုံ (၁)ဖာ တို့နှင့် ဒေသခံတောင်သူများအတွက် မွေးမြူရေးအထောက်အကူပြုဆေးဝါးများ၊ ဟင်းသီး ဟင်းရွက်မျိုးစေ့များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်

ယင်းနောက် ရှိန်းခေါင်ဒေသ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို တစ်ဆက်တစ်စပ်တည်း ဆက်လက်ကျင်းပပြုခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေးရွာအုပ်စု၊ ရှိန်ခေါင်ကျေးရွာ၌ နံနက် ၇ ရက်နေ့ နံနက် အစောပိုင်းက မီးလောင်မှုဖြစ်စဉ်ကြောင့် ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ် (၆၃)လုံး ဆုံးရှုံးခဲ့မှုဖြစ်စဉ်များကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှိန်းခေါင်ဒေသ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် နေထိုင် စားသောက်ရေးတို့အတွက် ထောက်ပံ့ငွေကျပ်သိန်း ၆၇၀၊ ပြည်နယ်ထွေ/အုပ်ဝန်ထမ်းမိသားစုများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ထောက်ပံ့ ငွေကျပ် (၃၇၅၀၀၀၀)၊ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ထောက်ပံ့ ငွေကျပ် (၂၁)သိန်း၊ ခေါင်လန်ဖူးမြို့နယ်ဌာနဆိုင်ရာများ၊ ရှေ့တန်းအမှတ်(၁၃၈) ခြေလျင်တပ်ရင်းနှင့် စေတနာအလှူရှင်များ စုပေါင်း၍ ထောက်ပံ့ငွေကျပ်သိန်း (၅၀)၊ စံမြင့်နှင့် လပြည့်ဝန်း ကုမ္ပဏီတို့က မိုးကာတဲ(၆၅)လုံး၊ စားသုံးဆီ (၃၃)ဖာ၊ ‌ခေါက်ဆွဲဘူး (၂၃၀)ဖာ၊ ဆန်အိတ် (၈၀)အိတ်၊ အိပ်ယာခင်းအစုံ (၂၀၀)တို့အား အသီးသီးထောက်ပံ့ပေးအပ်ရာ ရှိန်းခေါင်ဒေသရပ်မိရပ်ဖပြည်သူတစ်ဦးက ကျေးဇူးတင် စကားနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင်လည်း ခေါင်လန်ဖူးမြို့ တိုးချဲ့မြို့ကွက်သစ်ဖော်ထုတ်ပြီး ဌာနဆိုင်ရာရုံးမြေနေရာများ ချထားဆောင်ရွက်ပေးထားသည့် အခြေအနေများနှင့် ကွန်ကရစ်ပတ်လမ်း တည်ဆောက်လျက်ရှိသည့် အခြေအနေများကို မြို့တောင်ကုန်းပတ်လည်တစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်ပေါ်မြို့ဖြစ်သည့်အတွက် မိုးများ၍ မြေပြိုမှုအန္တရာယ်မဖြစ်ပွားစေရေး ရေလွှဲရေနှုတ်မြောင်းများ စနစ်တကျဆောင်ရွက်ရန်နှင့် လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကာ မြင့်မားသော တောင်တန်းကြီးများဖြင့် ဝန်းရံလျက်ရှိသည့် ခေါင်လန်ဖူးမြို့၏ တောင် တောင်ရှုခင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ခေါင်လန်ဖူးမြို့သို့ လာရောက်လည်ပတ်သူများ တည်းခို နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဧည့်ရိပ်သာတည်ဆောက်ရေး လုပ်ငန်းခွင်၌ လုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရှိန်း‌ခေါင် ရွာမှ ရပ်မိ/ရပ်ဖနှင့် ကျောင်းအုပ်တို့အတွက် ခရီးစရိတ်အဖြစ် ထောက်ပံ့ငွေများ ထောက်ပံ့ ပေးအပ်ခဲ့ ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ခေါင်လန်ဖူးဒေသခံများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ကို နှုတ်ဆက်ထွက်ခွာခဲ့ကြသည်။

ထိုမှတစ်ဆင့် ထရီဝမ်ကောင်ကျေးရွာ၌ တောင်သူ ဦးဇနင်ဖေရမ်၏ (၅)နှစ်သက်တမ်းရှိ ရှာကော စိုက်ခင်း (၂)ဧကတွင် ရှာကောသီးများစွာဖြင့် ဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ရာသီချိန် သီးနှံအထွက်နှုန်းရရှိမှု၊ ဈေးကွက်တွင် ဈေးရရှိမှုအခြေအနေများနှင့် ရှာကောသီးများ အခြောက်ခံရောင်းချမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး လမ်းတစ်လျှောက် ခေါင်လန်ဖူးဒေသ၏ အဓိက မွေးမြူရေး တိရစ္ဆာန်ဖြစ်သည့် နွားနောက်များအား လွတ်ကျောင်းစနစ်ဖြင့် မွေးမြူထားသည့် နွားနောက်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)