သန်လျင် အောက်တိုဘာ ၂၃
ကိုဗစ်-၁၉ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စ အဆင်ပြေစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်း ခရိုင်(သန်လျင်)မှ ဆွမ်းကွမ်း အခက်အခဲရှိသော သန်လျင်မြို့နယ် ညောင်ရေသွန်း ကျောင်းတိုက်နှင့် မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ ကေသာရဝတီ သီလရှင်သင် ပညာရေး ကျောင်းများသို့ ယမန်နေ့နံနက်တွင် ခရိုင်ဦးစီးအရာရှိ ဒေါ်လှပိုမိုနှင့် ဝန်ထမ်းများ သွားရောက်၍ ကျပ်(၂)သိန်းတန်ဖိုးရှိ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။
အလားတူ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကျောက်တန်းမြို့နယ်ရုံးက ကျပ်(၅၉,၉၀၀) တန်ဖိုးရှိ ပစ္စည်းငါးမျိုး၊ သုံးခွမြို့နယ်ရုံးက ကျပ် (၁၂၀,၅၀၀)တန်ဖိုးရှိ ပစ္စည်း(၅)မျိုး၊ ခရမ်းမြို့နယ်ရုံးက ကျပ်(၃၀,၀၀၀)တန်ဖိုးရှိ ပစ္စည်း(၅)မျိုး၊ ဒလမြို့နယ်ရုံးက ကျပ်(၃၀၀၀၀) တန်ဘိုးရှိပစ္စည်း (၅)မျိုး၊ တွံတေးမြို့နယ်ရုံးက ကျပ်(၂၁၆၃၀၀)တန်ဖိုးရှိ ပစ္စည်း(၅)မျိုး၊ ကော့မှူးမြို့နယ်ရုံးက ကျပ်(၆၆၆၅၀)တန်ဖိုးရှိ ပစ္စည်း(၅)မျိုး၊ ကွမ်းခြံကုန်းမြို့နယ်ရုံးက ကျပ်(၄၁၀၀၀)တန်ဖိုးရှိ ပစ္စည်း(၅)မျိုး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရုံးက ကျပ် (၅၀၀၀၀)တန်ဖိုးရှိ ပစ္စည်း(၅)မျိုး၊တံတား မြို့ရုံးက ကျပ်(၁၆၄၈၀၀)တန်ဖိုးရှိ ပစ္စည်း(၅)မျိုး စုစုပေါင်းခရိုင်နှင့် မြို့နယ်ရုံးများက ကျပ် (၂၁၆၃၀၀) တန်ဘိုးရှိ လှူဖွယ်ပစ္စည်းများအား ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းမှုမှာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မြို့နယ်အသီးသီးမှ ဘုန်းတော်ကြီး ကျောင်း (၂၁)ကျောင်းနှင့်သီလရှင်ကျောင်း (၃)ကျောင်းတို့ကိုလှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယခုလိုအချိန် ကိုဗစ်ကာလတွင် ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား မိမိတို့တတ်အားသရွေ့ လှူဒါန်းခဲ့ရခြင်းအား များစွာပီတီ ဝမ်းမြောက်မှု ဖြစ်ရကြောင်း ခရိုင်ရုံး(သန်လျင်)မှ အငယ်တန်းစာရေး ဒေါ်ဆန်းဆန်းညွန့်က ပြောသည်။
သန်းဝင်း(သန်လျင်)