ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အလိုတော်ပြည့်ဂူဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော် လေးဆူ ဖူးမြော်ပြီး နံရံပန်းချီနှစ်ကျိတ်ရှစ်ဆူဘုရားကို လေ့လာနိုင်

ညောင်ဦး  နိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အလိုတော်ပြည့် ဂူဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်လေးဆူ ဖူးမြော်ပြီး နံရံများတွင်ရေးဆွဲထားသည့် နှစ်ကျိတ်ရှစ်ဆူဘုရား ပုံနံရံပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။

အလိုတော်ပြည့်ဂူဘုရားသည် ညောင်ဦးမြို့မှ ပုဂံမြို့သစ်သွား အနော်ရထာနှစ်လမ်းသွား လမ်းမကြီးမြောက်ဘက် ကပ်လျှက်တည်ရှိသည်။ အလိုတော်ပြည့်ဂူဘုရားသည် အရှေ့ ဘက်မုခ်လှည့် ဂူဘုရားတစ်ဆူဖြစ်ကာ ဂူဘုရားအရှေ့မုခ်မှ ဝင်ရောက်ပြီး ထိုင်တော်မူဆင်း တုတော်လေးဆူကို ဖူးတွေ့နိုင်သည်။ အလိုတော်ပြည့်ဂူဘုရားအတွင်းတွင် ရှေးမွန်ဘာသာဖြင့် ကမ္ဗည်းစာတမ်းများ ရေးထိုးပါရှိသော နံရံဆေးရေးပန်းချီများ ကျန်ရှိနေသေးပြီး အဆောက်အအုံ၏ ဗိသုကာလက်ရာမှာလည်း ကျန်စစ်မင်းကြီး လက်ထက်နောက်ပိုင်းနှင့် အလောင်းစည်သူမင်းလက်ထက် အစပိုင်းကာလနှင့် သက်ဆိုင်နိုင်ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များ ယူဆထားကြောင်း သိရသည်။ ဂူအတွင်းတွင် သက္ကရာဇ် ၅၅၆ ခုနှစ် ပါသော မြန်မာဘာသာကမ္ဗည်းမင်စာတစ်ခု နံရံတွင်ရေးထိုးထားသည်ကိုလည်း လေ့လာတွေ့ရှိနိုင်သည်။

အလိုတော်ပြည့်ဂူဘုရားအတွင်းဘက် နံရံများပေါ်တွင် နှစ်ကျိတ်ရှစ်ဆူဘုရားများ မြတ်စွာဘုရား သုတ်တန်တရားတော် ဟောနေဟန်များ၊  ဝိမာနဝတ္ထုလာ အကြောင်းအရာစသော အကွက်ပေါင်းများစွာ ရှေးမွန်ကမ္ဗည်းစာနှင့်အတူ ရှိနေသည်ကို ထင်ထင်ရှားရှား တွေ့မြင်လေ့လာနိုင်သည်။ အလိုတော်ပြည့်ဘုရား၏ မြောက်ဘက်တွင် ထီးလိုမင်းလိုဘုရား၊ ရွှေလိပ်တူးဘုရား၊ အရှေ့ဘက်တွင် ရှင်ဘို့မယ်အုတ်ကျောင်း၊ အရှေ့တောင်ဘက်တွင် ဝတ္ထနတောဘုရားစု၊ တောင်ဘက်တွင် ဗူးလည်သီဘုရား၊ အနောက်ဘက်တွင် လောက မှန်ကင်းဘုရား တို့ကိုလည်းဖူးမြော်ာ်နိုင်ကြောင်း သိရသည်။

ဒီပါလင်း