ကျောက်ဆည်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် နိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများ ပိုမိုလေ့လာဖတ်ရှုစေရန်အတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ကျောက်ဆည်မြို့အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်း “ရွှေသရဖီခန်းမ”တွင် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်စွမ်းရည်များ၊ စာပေရေးသားမှုစွမ်းရည်များ၊ အပြောစွမ်းရည်များ၊ နားထောင်မှုစွမ်းရည်များ မြင့်မားလာကာ တီထွင်မှုစွားရည်များ ပိုမိုရရှိစေကြောင်း အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ်ကျောင်းသား လူငယ်များဘက်ပေါင်းစုံ ထူးချွန်ထက်မြက်စေရန်၊ ပရိသတ်ရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေဗဟုသုတများရရှိပြီး ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်ပြီးလူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း Grade-8 မှ မောင်ပြည်ဖြိုးအောင်က “လူငယ်နှင့် စည်ကမ်း”၊ မဆုကဗျာက “လူငယ်နှင့်မူးယစ်ဆေးဝါး” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်စကားဝိုင်းအသိပညာပေး ဆွေးနွေးပွဲမှတ်တမ်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်းသိရသည်။

သက်မောင်