စဉ့်ကူးမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက(၁၂၀)တင်း ထွက်ရှိ

စဉ့်ကူး နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ မင်းကြီးကုန်းကျေးရွာရှိ ကွင်းအမှတ် (၂၃-က)ကွင်း တောင်သူ ဦးတင်မြင့်၏ မနောသုခ စပါးစိုက်ခင်းတွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးစံပါးစံကွက် ရိတ်သိမ်းပွဲသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်နှင့် ဒုတိယဦးစီးမှူး ဦးအေးသိန်းနိုင်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာနမှ မြို့နယ်တာဝန်ခံ ဦးချစ်ထွန်းမြိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်လင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး တောင်သူ ဦးတင်မြင့် ၏ မနောသုခစိုက်ခင်း (၀.၁၀) ဧကစံကွက်ကို စက်ဖြင့်ရိတ်သိမ်းခဲ့ရာ တစ်ဧက တင်း(၁၂၀)နှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီ၌ မိုးစပါး (၂၄၄၅၃) ဧကကို  လျာထား သတ်မှတ်စိုက်ပျိုးခဲ့ရာ (၂၅၄၈၀) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မိုးစပါးကို မေလ တတိယပတ်မှ စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ဧကအားလုံး စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းနှင့် စိုက်ပျိုးပြီးစီးသော မိုးစပါးဧကများမှာ မနောသုခ (၁၄၃၀၄) ဧက၊ ဆင်းသုခ (၈၅)ဧက၊ ဧရာမင်း (၁၃၂)ဧက၊ ရက်(၉၀) စပါးမျိုး(၃၂၈၇)ဧက နှင့်ဒေသမျိုး ငစိန်စပါး(၇၂၇၂)ဧက တို့ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)