တံတားဦးမြို့နယ် အ.ထ.က(ခွဲ)၊ စကားအင်း ပင်ပဆောင်ခန်းမတွင် လူငယ်ရေးပညာပေးဟောပြောပွဲ ကျင်းပ

တံတားဦး   နိုဝင်ဘာ ၁၆

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ ပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက စကားအင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပင်ပဆောင်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် စကားအင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အထက်တန်းပြဆရာ ဦးတင်ဦးခိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများ ပြောကြားရာတွင် ကျောင်းသား/သူများအနေအဖြင့် ပညာကိုကြိုးစားသင်ယူစေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံ၏အနာဂတ်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် ကျောင်းသား/သူများ အနေဖြင့် အသိဉာဏ်ပညာဗဟုသုတ ပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်အတွက် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲမှမှ တပ်ဖွဲ့မှူး ဦးအောင်နိုင်မင်းက “ ကြက်ခြေနီအသင်း၏ လှုပ်ရှားဆောင်ရွက်မှု“ခေါင်စဉ်ဖြင့် ဟောပြောသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည် ဖြေကြားပေးကြသည်။

ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များနှင့် ပတ်သက်သည့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကိုခင်းကျင်းပြသထားရာ ကျောင်သား/သူများ၊ ဆရာ/မများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)