ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဒလ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာဝင်းက လူငယ်များကို နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။  ဆက်လက်၍ ဒလမြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးသန်းဝင်းက မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့ပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိမိခိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်၊စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြင့်ဇော် (ပြန်/ဆက်)