မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အိမ်တွင်းအကြမ်းဖက်မှု ကင်းဝေးစေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေး နိုဝင်ဘာ ၁၆

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အိမ်တွင်းအကြမ်းဖက်မှု ကင်းဝေးစေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီတွင် ခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ လျှော့ချရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်ခင်စန်းက သာယာလှပသော အမျိုးသမီးဘဝ ဖြစ်ပေါ်စေရေး ဝိုင်းဝန်းစောင့်ရှောက်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မူမူသင်းက အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ပေးခြင်း လုပ်ငန်းများအကြောင်းအားလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင် (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်သန်း(ပြန်/ဆက်)