မင်္ဂလာဒုံ နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မင်္ဂလာဒုံမြို့မြဝတီဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ (ကိုယ်စား) ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သိုက်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အမျိုးသား ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြှင့်မားရေးကို အထောက်အကူပြုစေရေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးရည်ရွယ်ကာ မင်္ဂလာဒုံမြို့ခရိုင်အတွင်းရှိ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ထူးချွန်ထက်မြတ်သော မျိုးဆက်သစ် အမျိုးသားဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေး အဓိကရည်ရွယ်ပြီး သက်တမ်းအလိုက်တွင် လူငယ်အများစုပါဝင်နေသည့်အတွက် အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများကလည်း အားကစားစိတ်ဓာတ်အပြည့်နှင့် သန့်သန့်ရှင်းရှင်းယှဥ်ပြိုင်ကစားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့်ခရိုင်၊ တိုင်းဒေသကြီးကိုယ်စားပြုနိုင်ရေးနှင့် ထူးချွန်ထက်မြက်သော နိုင်ငံတော်ကအားထားရမည့် ဘောလုံးသမားကောင်းများ ပေါ်ထွန်းလာအောင် ကြိုးစားယှဥ်ပြိုင်ကစားသွားကြရေး တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ရွတ်ဆိုပြီး မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြောင်း သိရသည်။
ယင်းနောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမပွဲစဥ်အဖြစ် မင်္ဂလာဒုံမြို့နယ် (က) အသင်းနှင့် မင်္ဂလာဒုံမြို့နယ် (ခ) အသင်းတို့ယှဥ်ပြိုင်ကစားကြကာ ပြိုင်ပွဲကို နိုင်ဝင်ဘာ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၂၄ ရက်နေ့အထိ မင်္ဂလာဒုံမြို့နယ်မြဝတီဘောလုံးကွင်း၌ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း ခရိုင်ဘော်လုံးပွဲကျင်းပရေးဆပ်ကော်မတီဉက္ကဋ္ဌ ဦးဇော်ဝင်းသန့်ထံမှ သိရသည်။
ဝုန်လွန်းညောင်(ပြန်/ဆက်)