မိုးကုတ် နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ လယ်ဦးရပ်ကွက်၊ အမှတ်(၁၀၄) အခြေခံပညာ မူလတန်းလွန်ကျောင်း (သံလွန်တောင်)၌ ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ကြက်ခြေနီ၏ အဓိပ္ပာယ်၊ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှုးဦးဆောင်၍ ကြက်ခြေနီနည်းပြ ဆရာ/ဆရာမများ လူငယ်ကြက်ခြေနီကော်မတီဝင်များက လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိတ်မိခြင်း၊ မူးမေ့ခြင်း၊ ပတ္တီးစီးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား (၆၀)ဦး၊ ကျောင်းသူ (၉၀) ဦး စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်အသိပညာပေး ဟောပြောသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)