တိုင်းဒေသကြီးအဆင့် ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး အားကစားပြိုင်ပွဲများပြုလုပ်ကာလူရွေးချယ်

ကျောက်ဆည် နိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ စနစ်သစ်ပညာရေးတွင် ဘက်စုံထူးချွတ်ထက်မြတ်ပြီး အားကစားနည်းများ လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊  တိုင်းဒေသကြီး အဆင့် ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကစားနိုင်ရေး ယနေ့နံနက်(၈)နာရီက ကျောက်ဆည်မြို့ ပြည်သူ့အားကစားကွင်း၊ ပြည်သူ့ပန်းခြံနှင့် (အမက)တောင်နံ့သာ အားကစားကွင်းတို့တွင် မြို့နယ်ပေါင်စုံ ခရိုင်အဆင့်အုပ်စု(၃) ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး လူရွေးချယ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ခရိုင်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲလူရွေးချယ်ပွဲ၌ အမျိုးသား/အမျိုးသမီးဘောလုံး၊ အမျိုးသား/ အမျိုးသမီးဘော်လီဘာ၊ အမျိုးသားအမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်၊ အမျိုးသားပိုက်ကျော်ခြင်း၊ အမျိုးသားစားပွဲတင်တင်းနစ်နှင့် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်သည့် မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀)၊ မီတာ (၁၀၀၀)၊ မီတာ(၅၀၀၀)၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးထပ်ဆင့်ခုန်ပြိုင်ပွဲများ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် ပြိုင်ပွဲများပြုလုပ်ခဲ့ရာ ပြိုင်ပွဲများတွင်  ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ ငါးဇွန် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်အားကစားသမားအား ရွေးချယ်ပြီး မန္တလေးတိုင်းဒေသကြီးအဆင့် ကျောင်းသားအားကစားပြိုင်ပွဲများတွင် ဆက်လက်ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ကာယဆရာကြီး ဦးဝင်နိုင်ဦးက ပြောပြသည်။

သက်မောင်