တပ်ကုန်း နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် (နောင်သင်္ခါ) အခြေခံပညာအလယ်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ကျောင်းအခြေပြု ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ် လျှော့ချရေးပညာပေး အစီအစဉ် (IZal Kaeru Caravan) ဟောပြောခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းတွင် ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်က မီးလောင်မှုအခြေအနေများ၊ မီးငြှိမ်းသတ်နည်းလမ်းများ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများနှင့် သဘာဝဘေးအန္တရာယ်အကြာင့် ဖြစ်တတ်သည့်အကြောင်းများ ဟောပြောခဲ့ပြီးနောက် ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့် မီးငြှိမ်းသတ် ကျွမ်းကျင်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူး လက်တွေ့ကိုင်တွယ်ပက်ဖျန်းခြင်း၊ မီးလောင်မှုအခြေခံသဘောနှင့် ယှဉ်၍ ဂိမ်းကစားနည်းများ၊ သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အိမ်ရှိ ရေသန့်ဘူးများဖြင့် အရေးပေါ်အသက်ကယ် အင်္ကျီပြုလုပ်နည်း၊ အရိုးကျိုးဒဏ်ရရှိသူအား အိမ်တွင်ရှိသော ပစ္စည်းများဖြင့် ရှေးဦးသူနာပြုစုနည်း၊ စောင်ဖြင့် လူနာသယ်ဆောင်နည်းများ၊ သဘာဝဘေးအရေးပေါ် အခြေအနေတွင် ကိုယ်၌တစ်ပါးတည်း သယ်ယူရမည့်ပစ္စည်း (၁၇) မျိုး ခင်းကျင်းပြသ ရှင်းလင်းပြီး၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်