တပ်ကုန်း နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်၊ ရှောင်တခင် စစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက တပ်ကုန်းမြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းတွင် မော်တော်ယာဉ် (၂၈) စီး၊ မော်တော်ဆိုင်ကယ် (၄၇) စီးအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅) ရပ်တွင် ပါဝင်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ် မောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပိုမောင်းနှင်ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅) ရပ်နှင့်ကိုက်ညီသည့် အရေးယူမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်