ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့် ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက်၊ လိုအပ်သည့် လုပ်ငန်းသုံး စက်ပစ္စည်းများ ကြံ့ခိုင်မှု ပြုပြင်စစ်ဆေး ထိန်းသိမ်းနည်းသင်တန်းကို၊ ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါ မြို့နယ်ရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးလက် သောက်သုံးရေ ရရှိရေးလုပ်ငန်းများဖြစ်သော၊ စက်ရေတွင်းများ၊ ရေတင်စက်များ၊ အိမ်တိုင်ရာရောက် ရေပေးဝေရေး စနစ်များ၊ မိုးရေလှောင်ကန်များနှင့် ရေဝင်လမ်းများ၊ လျှပ်စစ်သုံး ရေတင်စက်များ အစရှိသည့် လုပ်ငန်းပိုင်းနှင့် ပတ်သက်သည့် အခြေခံ ပြုပြင် ထိန်းသိမ်းနည်းဆိုင်ရာများကိုလည်းကောင်း၊ ငွေကြေးဆိုင်ရာ စနစ်တကျ စီမံခန့်ခွဲထိန်းသိမ်း တတ်စေရန်နှင့် ကျေးရွာကော်မတီဝင်များ မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်တတ်စေရန်လည်းကောင်း ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာများအနက်မှ ကျေးရွာ(၂၅)ရွာရှိ ရေသန့်ကော်မတီဝင်(၇၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်အေးအေးအောင်တို့က သက်ဆိုင်ရာ လုပ်ငန်းများအလိုက် တစ်ရက်တာ သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)